ပခုက္ကူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပခုက္ကူ ဇွန်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ အသက် (၅)နှစ်မှ (၁၁)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ပခုက္ကူခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ အခြေခံပညာကျောင်းဆရာ၊ ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်- ၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စာရင်းဇယားများမှန်ကန်ရေး စနစ်တကျရေးသွင်းခြင်းများ ကူညီဆောင်ရွက်ပေးကြကြောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ယမန်နေ့မှစတင်ပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းတည့် ၁၂နာရီအချိန်ထိ အသက် (၅)နှစ်မှ (၁၁)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူကလေးငယ်များ စုစုပေါင်း (၈၆၀)ဦးကျော်တို့ကို ထိုးနှံပြီးစီးခဲ့ကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရန် ကျန်ရှိသည့် အသက် (၅)နှစ်မှ (၁၁)နှစ်အတွင်း  ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူထံက သိရသည်။

ဘာမီသာ(ပခုက္ကူ)