ကျွန်းလှ၌ မိုးစပါးမျိုးစေ့ထောက်ပံ့ပေးခြင်းနှင့် စိုက်ပျိုး နည်းပညာပေးသင်တန်းဖွင့်လှစ်

ကျွန်းလှ ဇွန် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မိုးစပါးမျိုးစေ့ထုတ်ကွက် စိုက်ပျိုးရန် မျိုးစေ့ထောက်ပံ့ပေးခြင်းနှင့် စိုက်ပျိုးနည်းပညာပေး သင်တန်းကို ဇွန် ၃ ရက်နေ့နံနက် ၉ နာရီက ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီနှင့် တာဝန်ရှိသူတို့က မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးမည့် တောင်သူများအား ဧရာမင်းစပါးမျိုးများ အခမဲ့ပေးအပ်ကြသည်။

သင်တန်းတွင် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်ရွေးချယ်စိုက်ပျိုးခြင်း၊ ပေါင်စနစ်ဖြင့်ပျိုးထောင်ခြင်း၊ မြေနေရာရွေးချယ်ခြင်း၊ အညှောက်ဖောက်ခြင်း၊ ပြောင်းရွေ့စိုက်ပျိုးခြင်း၊ ပေါင်နှိမ်ခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ မြေဩဇာထည့်သွင်းခြင်း၊ ရိတ်သိမ်းချွေလှေ့ခြင်း၊ SRI နည်းစနစ် စိုက်ပျိုးခြင်းနှင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်းတို့ကို ဆွေးနွေးပို့ချကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ ရှမ်းစု၊ မကျီးအင်း၊ ကြာတကန်ကျေးတို့မှ မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးမည့် တောင်သူ (၄၀)ဦး တက်ရောက်ကြသည်။ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါး (၂၉၄၉၂) ဧကစိုက်ပျိုးရန်လျားထားပြီး မျိုးစေ့ထုတ်စံပြကွက် ဧက (၂၀၀) စိုက်ပျိုးမည်ဖြစ်ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ