သဲကုန်းမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အောက်အရွယ် ကျောင်းသား/သူလေးများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံမှုနှင့် ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေး

သဲကုန်း ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃  ပညာသင်နှစ်တွင် ဇွန်လ ၂ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားလျက်ရှိပြီး အသက်(၅)နှစ်မှ (၁၂)နှစ်အောက် အရွယ် ကျောင်းသား/သူလေးများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရပါသည်။

သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက အဖွဲ့များခွဲ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူလေးများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုနှင့် အသက်(၅)နှစ်မှ(၁၂)နှစ်အောက်အရွယ် ကျောင်းသား/သူကလေးများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးနေမှုများကို ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ အားပေးကြည့်ရှု ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် ကာကွယ်ဆေးထိုးနှံပေးရမည့် အသက်(၅)နှစ်နှင့် (၁၂)ကြားရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၇၉၃ ဦးရှိပြီး ယမန်နေ့တွင် မိဘအုပ်ထိမ်းသူများ၏ သဘောတူညီချက်ဖြင့် ကျောင်းသားကျောင်းသူ ၂၁၃၀ဦး ထိုးနှံပေးပြီး ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။

ဝင့်နန္ဒာဌေး