ဒေးဒရဲ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စီမံကိန်းသီးနှံများ လျာထားဧက ပြည့်မီကျော်လွန်စွာဖြင့် အထွက်နှုန်းကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ရှမ်းစုကျေးရွာအုပ်စု ဂွကလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ဝင် မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းက လျာထားဧကများ ပြည့်မီရေး၊ သဘာ၀ဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ မရှိစေရေးနှင့် သီးနှံအထွက်နှုန်း တိုးတက်မြင့်မားစေရေး နယ်မြေတာ၀န်ခံ စိုက်ပျိုးရေး၀န်ထမ်းများထံမှ နည်းပညာများ၊ အကြံဉာဏ်များ ရယူဆောင်ရွက်သွားရန်နှင့် အခက်အခဲများရှိပါက ဆွေးနွေးပေးပါရန် အသိပညာပေးပြောကြားခဲ့ရာ ဒေသခံတောင်သူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန့်စင်လှိုင်က စီမံကိန်းလျာထားသီးနှံများ စိုက်ဧကပြည့်မီရေးနှင့် စိုက်ပျိုးပြီးစီးသည့် သီးနှံဧကစာရင်းများ မှန်ကန်ရေး အသိပညာပေး ဆွေးနွေးခဲ့သည်။
ဒေးဒရဲမြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ (၁၂)ဖွဲ့ ဖွဲ့စည်း၍ တာဝန်ကျသည့် ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်၍ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ တောင်သူများ၏ လိုအပ်သော နည်းပညာများနှင့် အခက်အခဲများ သိရှိနိုင်ရေး သဲကုန်းကလေး၊ အုန်းပင်၊ လမုတမံနှင့် လမုဝကျေးရွာများသို့ ဆက်လက်၍ ကွင်းဆင်းသွားရောက်ကာ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေဒေးသူ