အထက်မင်းလှ ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန်(၂)ရက်နေ့က သတ်မှတ်ဆေးထိုးစုရပ်ကျောင်းများတွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ကျန်ရှိနေသည့်ကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်း(၁၆၁)ကျောင်းနှင့် ဘုန်းတာ်ကြီးပညာသင်ကျောင်း (၁)ကျောင်း၊ စုစုပေါင်း(၁၆၂)ကျောင်းရှိပြီး အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူ (၁၂၀၄၁)ဦးအား သတ်မှတ်ဆေးထိုးစုရပ်ကျောင်းများတွင် ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇွန်(၂)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား/ကျောင်းသူ (၁၈၉၉)ဦး (၁၅.၇၇%) ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာ၌ ဆေးထိုးစုရပ်ကျောင်းများတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါကာကွယ် ဆေးထိုးစုရပ်ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)