ကြံခင်းမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၀)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကြံခင်း ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အသက်(၅)နှစ်မှ အသက်(၁၀)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ကြံခင်းမြို့ အခြေခံပညာ မူလွန်မြို့မတောင်ကျောင်းဆေးထိုးစုရပ်၊ မြို့မ မြောက်ကျောင်းဆေးထိုးစုရပ်နှင့် ရွာသစ်မြောက်ကျောင်း ဆေးထိုးစုရပ်တို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင် ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက  အခြေခံပညာကျောင်း ဆေးထိုးစုရပ်အလိုက် ဇွန်လ(၂)ရက်နေ့မှ စတင်ထိုးနှံ ပေးလျက်ရှိရာ  ယနေ့ ဇွန်လ(၃)ရက်နေ့တွင် အခြေခံပညာ မူလွန်မြို့မတောင်ကျောင်း ဆေးထိုး စုရပ်၊  မြို့မမြောက်ကျောင်းဆေးထိုးစုရပ်နှင့် ရွာသစ်မြောက်ကျောင်း ဆေးထိုးစုရပ်တို့ရှိ ကျောင်းသား/သူ (၄၇၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးကြောင်းနှင့် ဆေးထိုးစုရပ်များသို့ ကာကွယ်ဆေး ထိုးနှံပေးနေခြင်းကို မြို့နယ် ကုသရေးနှင့် ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်မှ ကွင်းဆင်းလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံပြီးသော ကျောင်းသား/သူများအား ဓာတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုး လက္ခဏာများ ဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရန်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊  လူမှုရေးအသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းဆေးထိုးစုရပ်ရှိ ဆရာ/ဆရာမ များမှ စောင့်ကြပ်ဆောင်ရွက်ပေးကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)