သဲကုန်းမြို့နယ်၌ အသက် (၅) နှစ်မှ (၁၂) နှစ်အောက် အရွယ်ကျောင်းသား / သူကလေးများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ

သဲကုန်း ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃  ပညာသင်နှစ်တွင် စတင်တက်ရောက် ပညာသင်ကြားနေသော အသက် (၅) နှစ် မှ (၁၂) နှစ်အောက် အရွယ်ကျောင်းသား / သူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စ၍ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သတ်မှတ်အဖွဲ့အလိုက်ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန်သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများအား မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နေရာများ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သဲကုန်းမြို့နယ် မြို့နယ် အခြေခံပညာကျောင်းများရှိ ကာကွယ်ဆေးထိုးနှံပေးရမည့် အသက် (၅) နှစ် နှင့် (၁၂) ကြားရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၇၉၃ ဦး ရှိပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ ၂၁၃၀ ဦး ထိုးနှံပေးပြီး ကျန်ရှိသူများအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်၊ပြန်/ဆက်