ပုသိမ် ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးပြီး ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်ရှိ ကျေးရွာများသို့ ဆက်သွယ်ထားသည့် အရှည် ၆၀ ပေ၊ အကျယ် ၁၄ ပေရှိပြီး ကျေးရွာပေါင်း ၁၄ ရွာသို့ ဆက်သွယ်ထားသည့် ရေလဲကြီးကျေးရွာ သံကူကွန်ကရစ်တံတားနှင့် ပြုပြင်ပြီးစီးသည့် ပင်မနှစ်ထပ်ကျောင်းဆောင် အားတက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအတွင်းရှိ ရေကြည်မြို့နယ်နှင့် ငါးသိုင်းချောင်းမြို့ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများ၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် ကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းသုံးပစ္စည်းများ၊ ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ငွေများအား ကျောင်းအုပ်ကြီးများထံသို့ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေလဲကြီးကျေးရွာ၌ ပြုလုပ်သည့် အရှည် ၆၀ ပေ၊ အကျယ် ၁၄ ပေရှိသည့် သံကူကွန်ကရစ်တံတားအားဖွင့်အားတက်ရောက်၍ “ဒေသခံပြည်သူများအအတွက် တံတားဖွင့်လှစ်ပေးခြင်းကြောင့် နွေ၊ မိုး၊ ဆောင်း သွားလာနိုင်ပြီဖြစ်ကြောင်း၊ ရေရှည်တည်တံ့ရန်အတွက် ဒေသခံပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းထိန်းသိမ်းပေးစေလိုကြောင်း၊ တာဝန်ယူဆောက်လုပ်သည့် ဆောက်လုပ်ရေး အဖွဲ့ကလည်း မြေထိန်းနံရံများ ရေရှည်တံ့စေရေး အတွက်မြက်စိုက်ခြင်းများကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မိုးတွင်းဘက်ဖြစ်သောကြောင့် လမ်းပိုင်းဆိုင်ရာ အားနည်းမှုကို လည်းနားလည်ပေးစေလိုကြောင်” ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ တံတားပေါ်သို့လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါတံတားသည် အရှည် ၆၀ ပေ၊ အကျယ် ၁၄ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၂ ပေ၊ ရေလမ်းကင်းလွတ် အကျယ် ၃၆ ပေ နှင့် ခွင့်ပြုအလေးချိန်မှာ တန် ၂၀ ဖြစ်ပြီး စုစုပေါင်းတန်ဖိုးမှာ (၁၈၃.၂၄၀)သန်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်သည် ရေကြည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည့် ပင်မနှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှာစကားများပြောကြား၍ ဝန်ကြီးချုပ်က နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးအပ်သည့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် ကျုံပျော်မြို့နယ်နှင့် ပန်းတနော်မြို့နယ်များရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ အလားတူကြည့်ရှုအားပေးပြီး ကျောင်းသုံးပစ္စည်းများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများအား ကျောင်းအုပ်ကြီးများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)