ကျောက်ဖြူမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး  အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကျောက်ဖြူ ဇွန် ၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်ပိုင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို လူသွားလူလာများပြီး လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်သည့် ဝန်ထမ်းများနှင့် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူသွားလူလာများသည့် နေရာများဖြစ်သော အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ရှေ့လမ်းမတန်းတစ်လျှောက်နှင့် မြို့မဈေးကြီးရှေ့သို့ သွားရောက်ကာ လမ်းသွား၊ လမ်းလာပြည်သူများ၊ အငှားယာဉ်မောင်းနှင်နေသူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများနှင့် ဆိုင်ခန်းအသီးသီးတွင် ဈေးရောင်းချနေသူများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။ အဆိုပါလက်ကမ်းစာစောင်များမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ဝေသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ အသိပညာပေးလက်ကမ်းစာစောင်၊ ပတ်ဝန်းကျင်နှင့် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်များ အသိပညာပေးလက်ကမ်းစာစောင်နှင့် ကျွန်ုပ်တို့နေ့စဉ်ဘဝထဲမှ Microplastics စသည့် အသိပညာပေးလက်ကမ်းစာစောင် (၃)မျိုးကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)