ကျိုက်လတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ကျိုက်လတ် ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကိုစတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ဆိုသည့် ဆောင်ပုဒ်အတိုင်း  ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားမည့် အခြေခံပညာအဆင့် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးခြင်းဖြစ်ပြီး ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၂၀၄)ကျောင်းတွင် ကာကွယ်ဆေးထိုးနှံရန် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၃၈၃)ဦးစာရင်းပေးထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးသည့် ကျောင်းများသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတို့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဒေါ်ရီရီမြင့်

ကျိုက်လတ်(ပြန်/ဆက်)