မောင်တော ဇွန် ၃
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ဌာနေကိုယ်စားလှယ်၏ ကွင်းဆင်းလုပ်ငန်းဆိုင်ရာရုံးနှင့် WFP ကမ္ဘာ့စားနပ်ရိက္ခာရုံးတို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ဌာနေကိုယ်စားလှယ်၏ ကွင်းဆင်းလုပ်ငန်းဆိုင်ရာရုံးနှင့် WFP ကမ္ဘာ့စားနပ်ရိက္ခာရုံးတို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကို စနစ်တကျ အသုံးပြုစေရေး၊ လျှပ်စစ်မီးအသုံးပြုသူများအနေဖြင့် မိမိတို့ရုံးများရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိ၊ မရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလပ်ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လှဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း စသည့်တို့အား အသိပညာပေးဟောပြောပြီး မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါရုံးများရှိ ဝန်ထမ်းများအား ရှေးဦးမီးသတ်ဆေးဘူး၊ အဝတ်စိုဖြင့် မီးငြိမ်းသတ်စေရေး စသည့်တို့ကို လက်တွေ့ လေ့ကျင့်စေခြင်းများအား ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)