ပန်ဆောင် စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ ဒေသန္တရကျေးလက် ကျန်းမာရေးဌာနခွဲမှ အသက်(၂)လ မှ (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးထိုးနှံခြင်းလုပ်ငန်းများကို ပန်ဆောင်မြို့ ကျေးလက်ကျန်းမာရေး ဌာနခွဲမှ ယာယီတာဝန်ခံ ဆရာမဒေါ်ဆိုက်ရွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အထက်ရပ်ကွက်မှ ကလေးငယ်(၄၅)ဦး၊ အလယ်ရပ်ကွက်မှ ကလေးငယ်(၂၀)ဦး၊ နီဟိရပ်ကွက်မှ ကလေးငယ်(၅၅)ဦး၊ စုစုပေါင်း ကလေးငယ်(၁၂၀)ဦးတို့အား ဆုံဆို့နာ၊ မေးခိုင်၊ အသဲရောင်၊ အသားဝါ၊ ဦးနှောက် အမြေးရောင်၊ ပြင်းထန်အဆုတ်ရောင်၊ ပိုလီယို၊ ဂျပန်ဦးနှောက်ယောင်၊ ဝက်သက်၊ ဂျိုက်သိုးစသည့် ရောဂါများအား ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)