ရေနံချောင်း ဇွန်၃
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ မူလတန်းကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်မှ စတင်ကာဆောင်ရွက်လျက်ရှိပြီး မြို့နယ်ပညာရေးမှုး ဦးအေးဝင်းနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရေနံချောင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တွင်းကုန်း)၊ အခြေခံပညာအထက်တန်းကျောင်း (လည်ပေါ်)၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံညာမူလတန်းကျောင်း (မြို့မ)ကျောင်း စသည့်တို့တွင် ဆေးထိုးစုရပ် (၄) နေရာသတ်မှတ်၍ ယနေ့နံနက် (၁၀)နာရီ အချိန်မှစတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ဆောင်ရွက်ခဲ့ကြပြီး ရေနံချောင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂)နှစ် အတွင်းရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျောင်းသား၊ ကျောင်းသူဦးရေ (၁၃၇၇၈) ဦး လျာထားလျက်ရှိကာ ယနေ့ဇွန်လ(၂)ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၁၅၀၀)ဦးခန့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့်အဖွဲ့၊ ဌာနဆိုင်ရာများ၊ မြိုနယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ စေတနာ့လုပ်အားပေးအဖွဲ့များမှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ငြိမ်းငြိမ်းအိ (ပြန်/ဆက်)