ပေါက်တောမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) စတင်ထိုးနှံပေး

ပေါက်တော ဇွန်  ၂

“ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း  ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ယနေ့နံနက်(၉)နာရီအချိန်ကစတင်၍ ပေါက်တော အ.ထ.ကကျောင်းစုရပ်နှင့် အ.ထ.က-မြို့မကျောင်းစုရပ်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား (Sinopharm)အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးလျက်ရှိပြီး၊ ဆေးထိုးနှံပြီးသည့်သူများကို မိနစ်(၃၀)ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

 ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာပုံစံမှာ ဖြည့်သွင်းရေးခိုင်းပြီး၊  မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ဖြင့် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ပေါက်တောမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များကဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်