သထုံမြို့နယ်တွင် ဧက(၁၀၀) စံပြစိုက်ကွက်၌ မိုးစပါးစိုက်ပျိုးမည့် တောင်သူများထံ မျိုးသန့်မျိုးစပါးများ ထောက်ပံ့ပေးအပ်

သထုံ ဇွန် ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မိုးစပါး တစ်ဧက တင်း(၁၀၀)အထက် ထွက်ရှိနိုင်‌အောင် ဆောင်ရွက်ကြမည့် ဧကပေါင်း(၁၀၀) စံပြစိုက်ကွက်တို့၌ မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများထံ မျိုးသန့်မျိုးစပါးများကို ယနေ့ မွန်းလွဲပိုင်းက မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွား‌ရေးစင်တာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံပေးအပ်ရာတွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်မော်က မိုးစပါးများ အထွက်နှုန်းတိုးမြှင့်ရေး ဆွေးနွေးအမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်သင်းသင်းဆင့်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်တို့က မျိုးစပါးများ ထောက်ပံပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် တစ်ဧက တင်း(၁၀၀)အထက် ထွက်ရှိအောင် သွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ လိုက်နာဆောင်ရွက်သင့်သည့် စိုက်ပျိုးရေးနည်းပညာများ စသည်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သထုံမြို့နယ်၊ ဒေးဗရိမ်းကျေးရွာမှ စံပြစိုက်ကွက် ဧက(၅၀)နှင့် သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ စံပြစိုက်ကွက် ဧက(၅၀) စု‌စုပေါင်း ဧက(၁၀၀)တို့မှ စိုက်ပျိုးတောင်သူ (၁၄)ဦးတို့ထံ ဆင်းသုခ RS မျိုးသန့်မျိုးစပါးများအား တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့် တင်းပေါင်း ၁၀၀ ကို ပေးအပ်ခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဧက(၁၀၀) စံပြစိုက်ကွက်၌ မိုးစပါးစိုက်ပျိုးမည့်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)