မုံရွာ ဇွန် ၂
အားကစားကို စိတ်ပါဝင်စားပြီး လေ့ကျင့်လိုက်စားတဲ့ လူငယ်လူရွယ်မောင်မယ်များကို နိုင်ငံ့ ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအဖြစ် အနာဂတ်ဘ၀ ခိုင်မာစေရန်နှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝနှင့်ပညာရေး၊ ကျန်းမာရေးစသည့် အဆင့် အတန်းများ မြင့်မားလာစေရန်အတွက် ပညာရည်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်တဲ့လူငယ် များ ပေါ်ထွက်လာစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာသိပ္ပံ (မုံရွာ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းရှိ မိုးလုံလေလုံအားကစားခန်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)မှ နည်းပြဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အားကစားနှင့်ကာယပညာ သိပ္ပံ(မုံရွာ)ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် အတွင်းမှ သတ္တမတန်းအောင် အဋ္ဌမတန်းသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား အားကစားနှင့် ပညာရေးပေါင်းစပ်၍ နိုင်ငံတော်၏ အထောက်အပံ့ဖြင့် ဘွဲ့ရရှိသည်အထိတာဝန်ယူပြုစု ပျိုးထောင်ပေးလျက် ရှိပါကြောင်း၊ မြို့နယ်အသီးသီးမှ ရွေးချယ်ခံခဲ့ရတဲ့ လူငယ်မောင်မယ်တွေအနေနဲ့ သတ်မှတ်ထားတဲ့စည်းကမ်းတွေကို တိတိကျကျ လိုက်နာကာ အားကစားထူးချွန်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မယ့် အားကစားသူရဲကောင်း များအဖြစ် ရောက်ရှိစေရေးအတွက် အစွမ်းကုန်ကြိုးစား ကြစေလိုကြောင်း၊
သင်တန်းမှာ ပညာသင်ကြားမှုနှင့် အားကစားလေ့ကျင့်ရေးများအတွက် တာဝန်ယူ ဆောင်ရွက်ကြမည့် အရာရှိများ၊ နည်းပြဆရာ၊ ဆရာမများအနေဖြင့် ပညာရည်မြင့်မားရေး ကိုသာမက ခေတ်မီသိပ္ပံနည်းကျတဲ့ အားကစားပညာရပ်များနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက်ကိုပါ စေတနာထားပြီး အစွမ်းကုန်သင်ကြားပေးသွားကြရန် လိုအပ်ပါကြောင်း၊ ပညာ ထူးချွန်ပြီး အားကစားဖြင့် နိုင်ငံဂုဏ်ဆောင်နိုင်မည့် လူချွန်လူကောင်းများပေါ်ထွက်လာနိုင်ရေး အတွက် မိမိတို့တိုင်းဒေသကြီးအစိုးအဖွဲ့ အနေဖြင့်လည်း လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အားကစားနှင့်ကာယ ပညာသိပ္ပံ(မုံရွာ)ကျောင်းအတွက် တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်ထံ ငွေကျပ် - ၁၀ သိန်းအား ပေးအပ်ပြီး တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်ထံ အလှူရှင်များက ငွေ ကျပ် - ၁၀ အားပေးအပ်ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နည်းပြဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်အားပေးပြီး ပြခန်းတွင်ပြသ ထားသော အားကစားအထာက်အကူပြု ပစ္စည်းများနှင့် မှတ်တမ်းဓါတ်ပုံများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြော ကြားကာ ဆရာ၊ဆရာမများက ကျောင်း၏လိုအပ်ချက်များကို အသီးသီးတင် ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနိုင်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ ကျောင်းပရိဘောဂများ ပြည့်စုံ မှုရှိစေရေး၊ သင်ကြားရေးနှင့် ရုံးလုပ်ငန်းများတွင် လစ်လပ်ရှိသည့် ဝန်ထမ်းနေရာများ အမြန် ပြန်လည် ဖြည့်တင်းနိုင်ရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူများ ပညာ သင်ကြားနေမှုအား ကြည့်ရှုအားပေးကာ ကျောင်းသား၊ကျောင်းသူများကို လာရောက်အပ်နှံကြသည့် ကျောင်းသားမိဘများနှင့် ရင်းရင် းနှီးနှီး တွေ့ဆုံနုတ်ဆက် အားပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းအုပ်ဆရာမကြီးထံ ငွေကျပ်- ၅ သိန်းလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်တို့က ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနုတ်ဆက်အားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အောင်ချမ်းသာ ရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိရာ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နုတ်ဆက်အားပေးစကားပြောကြားပြီး ကျောင်းအတွက် ငွေကျပ် - ၅ သိန်းနှင့် အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများကို လာရောက်အပ်နှံကြသည့် ကျောင်းသားမိဘများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။
ခရိုင်၊ ပြန်/ဆက်