ပခုက္ကူ ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ(၁၁)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပခုက္ကူခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်နယ်မှတပ်မတော်အရာရှိကြီးများ၊ အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စာရင်းဇယား များမှန်ကန်ရေးစနစ်တကျ ရေးသွင်းခြင်းများ ကူညီဆောင်ရွက်ပေးကြကြောင်း၊ မြို့ပေါ်အမှတ်(၄)နှင့်(၅)အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၅)မူလတန်း(လွန်)ကျောင်း စသည့် သတ်မှတ်ဆေးထိုးစုရပ်လေးနေရာခွဲ၍ ဇွန်လ၁ရက်မှ နံနက် ၉ နာရီမှစတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပေးလျက်ရှိရာ မွန်းတည့် ၁၂ နာရီအချိန်ထိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူကလေးငယ်များ စုစုပေါင်း(၂၀၀)ဦးကျော်တို့ကို ထိုးနှံပြီးစီးခဲ့ကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် ကျန်ရှိသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များကိုလည်း ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)