မကွေး ဇွန် ၂
အလုပ်သမားဝန်ကြီးဌာန၊ မကွေးမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမား လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့် ငွေလုံးငွေရင်း ကျပ်သိန်းတစ်ရာ့ငါးဆယ် ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီး တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်မြင့်က အမှာစကားပြောကြားရာ ၂၀၂၁ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ သိကောင်းစရာများအား ရှင်းလင်းပြောကြားပြီး လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားလုပ်ငန်းခွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့် ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Myanmar Carlsberg Co;Ltd.. အာမခံအလုပ်သမား ဦးသက်မောင်မောင်၏ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ကျပ် ၁၅၀၀၀၀၀၀/- (ကျပ်သိန်းတစ်ရာ့ငါးဆယ်တိတိ)အား ဇနီးဖြစ်သူ ဒေါ်စိမ့်လဲ့ဖြူအား ပေးအပ်ခဲ့သည်။
ဆက်လက်၍ Myanmar Carlsberg Co;Ltd.. မန်နေဂျာ ဦးစည်သူစိုးဝင်းမှ အကျိုးခံစားခွင့် လက်ခံရရှိသူကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
ကိုအောင် (ပြန်/ဆက်)