ကျိုက်ထို မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ကျိုက်ထို  ဇွန် ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်းလိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ လုပ်ငန်းများအား အဖွဲ့များခွဲကာ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များက ဇွန်လ ပထမပတ်မှ စတင်၍  ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာခွဲများအရောက်  အဖွဲ့များခွဲ၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ရပ်ကွက်များရှိ နေအိမ်များ၊ ဌာနဆိုင်ရာ ရုံးများအတွင်း အဘိတ်ဆေးခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ရှင်းလင်းခြင်း၊ စာသင်ကျောင်းများတွင် ကျောင်းကော်မတီအဖွဲ့များနှင့် ပူးပေါင်းပြီး စာသင်ခန်းများနှင့် ကျောင်း၀န်းအတွင်း ခြင်ခိုအောင်းမှုမရှိစေရန် ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ မိုးရေ၀င်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်းစသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက် လျက်ရှိကြောင်း  သိရသည်။

ကျိုက်ထို (ပြန်/ဆက်)