မြင်းမူ ဇွန်လ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် သစ်တောဦးစီးဌာနတွင် ၂၀၂၂- ခုနှစ် မိုးရာသီအတွက်စိုက်ပျိုးနိုင်ရန် ဒေသနှင့်ကိုက်ညီသော ပျိုးပင်များကို ပျိုးထောင်ထားရှိခဲ့ရာ ယခုအချိန်တွင် ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း သိရှိရသည်။
ဒေသခံပြည်သူများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန်အတွက် ကျွန်း၊ တမာ၊ မယ်ဇလီ၊ စိန်ပန်း၊ ယူကလစ်၊ မန်ဂျာရှား၊ ယင်းမာနှင့်မဟော်ဂနီ စသည့်အပင်ပေါင်း(၃၃၁၀၀)ကို ပျိုးထောင်စိုက်ပျိုးထားခဲ့ပြီး မေလ(၁၅)ရက်မှစတင်ကာ ပြည်သူလူထုထံ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ဖြန့်ဝေပေးရာတွင်လည်း အပင်များစိုက်ပျိုးရာတွင် ပိုမိုရှင်သန်ရေးအတွက် ပျိုးပင်အမြင့်(၂)ပေနှင့်အထက် ပျိုးပင်များကိုသာ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနတောအုပ် ဦးမင်းဇော်ဆန်း၏ ပြောပြချက်အရသိရှိရသည်။
အလားတူ မြင်းမူမြို့နယ်နှင့်(တွဲဖက်) မြောင်မြို့နယ်သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်တွင် စိုက်ပျိုးထားရှိသည့် ပျိုးပင်ပေါင်း(၂၁၂၀၀)ကိုလည်း ဖြန့်ဝေပေးလျက်ရှိရာ ဌာနဆိုင်ရာများ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နှင့်ကျေးရွာများမှ ဒေသခံပြည်သူများက တစ်ဦးချင်းသော်လည်းကောင်း အဖွဲ့လိုက်သော်လည်းကောင်း လာရောက်ထုတ်ယူလျက်ရှိကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)