တပ်ကုန်း ဇွန် ၂
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ညောင်လွန့်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ကျေးလက်နေတောင်သူများ မိုးသီးနှံစိုက်ပျိုးရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးနေကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် ကျေးရွာအုပ်စု(၉)အုပ်စုမှ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတောင်သူများက ကုန်ထုတ်လမ်း၊ မြစိမ်းရောင်စီမံကိန်း၊ ပညာရေး၊ ကျန်းမာရေး၊ မီးသတ်ကဏ္ဍများနှင့် ဆည်မြောင်းဘောင်ကျိုးများ၊ တိမ်ကောနေသည့် လက်လုပ်ဆည်၊ လက်လုပ်ဆည်တံမံပျက်များ ပြုပြင်ဆောင်ရွက်ပေးရေး၊ သွင်းအားစု ဓာတ်မြေသြဇာများ စျေးနှုန်းသင့်စွာ ရောင်းချပေးရေးတို့ကို ရှင်းလင်းတင်ပြကြသည်။
တောင်သူများ တင်ပြချက်များနှင့်စပ်လျင်း၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မြမြလွင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယ တိုင်းဦးစီးမှူး ဒေါက်တာသန်းလွင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ညိုညိုအေးတို့က ဌာနလုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြား၍လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနလုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းဖြေကြားပြီးနောက် ပျိုးကောင်း၊ ပျိုးသန့်ရရှိရေး ပျိုးစေ့ထုတ်လုပ်သည့် မြန်မာနယူဧရာ စိုက်ပျိုးရေးကုမ္ပဏီနှင့် ချိတ်ဆက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တောင်သူများတင်ပြချက်များကို ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းပေး၍လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂေဟာစနစ်ထိန်းသိမ်းရေး၊ ကျေးရွာထင်းစိုက်ခင်းဆောင်ရွက်ရေး၊ အစိုးရအား၊ ဌာနဆိုင်ရာအား၊ ကုမ္ပဏီအားပေါင်းစပ်ရေးကို ရှင်းလင်းမှာကြားခဲ့ပြီး၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးအား တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ဥသျှစ်ကုန်းကျေးရွာ အုပ်စု၊ ညောင်ငါးပင်ကျေးရွာ၊ ကွင်းအမှတ်(၁၂၇၉)ကွင်း၊ တောင်သူဦးခင်စိုး၏ စပ်မျိုးနေကြာ (၂.၀၀)ဧကစိုက်ခင်းအားကြည့်ရှုခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းညွန့်နှင့် တောင်သူဦးခင်စိုးတို့က စပ်မျိုးနေကြာစိုက်ပျိုးဆောင်ရွက်မှုနှင့် စိုက်ခင်းအောင်မြင်နေမှုအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
တင်စိုးလွင်