ခရမ်း ဇွန် ၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ဆေးမျိုးစုံရောင်းချသည့် ဈေးဆိုင်များတွင် အများပြည်သူသုံးစွဲရန်မသင့်သည့် ဆေးဝါးများ၊ သက်တန်းလွန်၊ ခွင့်ပြုမဲ့ဆေးဝါးများ၊ သိုလှောင်၊ ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီက ခရမ်းမြို့အတွင်းရှိ ဆေးမျိုးစုံရောင်းချသည့် ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ ခရမ်းမြို့နယ်တိုင်ရင်းဆေးဝါးကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်လှမြတ်ထက်နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့မကျန်းမာရေးနှင့် တာဝန်ရှိသူများက ဆေးဆိုင်များတွင် အာရှရွှေကြယ်အမှတ်တံဆိပ်၊ အဆစ်အမျက်ရောင်ရောဂါပျောက်ဆေးနှင့် အခြားခွင့်ပြုမဲ့ဆေးဝါးများ၊ သက်တန်းလွန်ဆေးဝါးများအား သိုလှောင်ရောင်းချခြင်း မရှိစေရေး လမ်းညွှန်မှာကြားသတိပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ကိုမင်း (ခရမ်း)