ဝါးခယ်မမြို့နယ်တွင် လျှပ်စစ်မီးကြိုးများပေါ် တွယ်ညိ‌‌နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်းများ ဆက်လက်တူးဖော်

ဝါးခယ်မ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လျှပ်စစ် မီးကြိုးများပေါ်တွင် သစ်ပင်သစ်ကိုင်းများ တွယ်ညိနေသဖြင့် ယနေ့နံနက် ၉ နာရီအချိန်တွင် ခုတ်ထွင်ရှင်းလင်း ခဲ့ကြောင်းနှင့်‌ ‌ ရေနုတ်မြောင်းများ ဆက်လက်တူးဖော်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုးရွာသွန်းမှုကြောင့် လျှပ်စစ်မီးကြိုး၊ လိုင်းကြိုးများပေါ် ကျိုးကျနေသော သစ်ပင်သစ်ကိုင်များ၊ ကြိုးများနှင့် မလွတ်သည့် သစ်ပင်သစ်ကိုင်းများကို မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ခုတ်ထွင်ရှင်းလင်းခဲ့‌ကြောင်း သိရသည်။ မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများအား ရေစီး‌ရေလာကောင်းမွန်‌စေရေး ဆက်လက် တူးဖော်ဆောင်ရွက်လျက်ရှိပြီး ရေနုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများကို ဝါးခယ်မမြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် တူး‌ဖော်ဆောင်ရွက်ပြီးဖြစ်ရာ ယခုအခါ ရေထွက်‌ပေါက်များအား မြစ်ကြောင်းတစ်လျှောက် ဆက်သွယ်တူးဖော် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာစေရေးအတွက်နှင့် ရေစီးရေလာ ကောင်းမွန်စေရေး အတွက် ရေနုတ်မြောင်းများတူးဖော်ခြင်း၊ မိုးတွင်းကာလဖြစ်ပွားတက်သော သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုး၏ ပြောကြားချက်အရ သိရသည်။

ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)