ရမည်းသင်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ရမည်းသင်း ဇွန် ၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍  ယနေ့နံနက်(၁၀)နာရီက သဘာဝပတ်ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူးဒေါ်သိမ့်သိမ့်မျိုးက တက္ကသိုလ်အဆင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့ အသိပညာပေးဟောပြောပွဲကျင်းပရခြင်း ရည်ရွယ် ချက်ကိုရှင်းလင်းပြောကြားပြီး၊ ရမည်းသင်းခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်သစ်တောဦးစီး၊ လက်ထောက်ညွှန်ကြားရေးမှူးဦးသိန်းသန်းထွန်းက ၂၀၂၂ ခုနှစ်၊  ဇွန် ၅ ရက်နေ့ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်ကျင်ထိန်းသိမ်းရေးနေ့အကြောင်းနှင့် ကမ္ဘာမြေပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှု (Global  Warming  and  Climate Change) နှင့်ပတ်သက်၍ အသိပညာပေးပြောကြားခြင်းနှင့် စိမ်းလန်းစိုပြေသောအပင်များ ပေါက်ရောက်နိုင်ခြင်းမရှိဖြစ်ကာ သစ်တောပြုန်းတီးမှုများဖြစ်စေပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ပေါ်လာခြင်းကို ရှင်းလင်းပြောကြားပြီး လူဦးရေတိုးပွားလာကာ၊ ကမ္ဘာမြေကြီးပူနွေးလာပြီး ဂေဟစနစ်ပျက်စီးလာခြင်းကို ပရိုဂျက်တာဖြင့်ပြသကာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင်၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်သစ်တောဦးစီးမှူးနှင့်ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ် (ရမည်းသင်း)၊ နည်းပြဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ(၃၀)တို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်