မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို အခမ်းအနားနှင့် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းအပ်နှံသူ (၃၆၅၈၈)ဦး အပ်နှံ 

ရန်ကုန်  ဇွန်  ၁

“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသားကျောင်းသူများ လာရောက်ကျောင်းအပ်နှံ၍ ပညာသင်ယူနိုင်ကြရန်အတွက် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမိးဆုံအနီးရှိ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း အင်ကြင်းခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် မြို့နယ်အတွင်း ကျောင်းအပ်နှံသူ (၃၆၅၈၈)ရှိပြီဖြစ်ကြောင်း သိရှိရသည်။

ကျောင်းအပ်နှံရေးအခမ်းအနားကို ကျောင်းသားကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန္တာဝင်းက အမှာစကားပြောကြား၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ရွှေဦးနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်ထွန်းတို့က ကျောင်းသားကျောင်းသူများအတွက် ဗလာစာအုပ်နှင့် ထီးများလှူဒါန်းပေးအပ်ခဲ့ပြီး ကျောင်းသားကျောင်းသူများက “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်”၊ “ဇာတိမာန်” သီချင်း တို့ဖြင့် သီဆို ဧည့်ခံကာ အခမ်းအနားအောင်မြင်ပြီးစီးခဲ့သည်။

“မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေလ(၂၆)ရက်မှစ၍ ကျောင်းအပ်လက်ခံခဲ့ရာ မေလ(၃၁)ရက်နေ့အထိ ကျောင်းလာရောက်အပ်နှံသူများမှာ အခြေခံပညာကျောင်းများတွင် (၂၈၅၃၄)ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် (၄၇၁၀)ဦးနှင့် ကိုယ်ပိုင်ကျောင်းများတွင် (၃၃၄၄)ဦး စုစုပေါင်း မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းအပ်နှံမှု(၃၆၅၈၈)ဦး ရှိပြီဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံရေးအတွက် ဌာနဆိုင်ရာ အသီးသီးမှ အကူအညီပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာတမ်းများ (အခမဲ့) ပေးဝေလျက်ရှိကြောင်း၊ ယခုအခြေခံပညာရေးသည် အသက်မွေးဝမ်းကျောင်း ပညာများကို ဆက်လက် ဆည်းပူးလေ့လာနိုင်မည်ဖြစ်ကြောင်း၊ သင်ကြားပေးမည့် ဆရာ၊ ဆရာမများအား သင်တန်းများပို့ချပေးပြီးဖြစ်သောကြောင့် မိဘများအနေဖြင့် ဆရာ၊ဆရာမများနှင့် ပူးပေါင်းကာ ကျောင်းလာရောက်အပ်နှံ၍ လူငယ်များ ပညာသင်ယူရန်အတွက် ဆောင်ရွက်ပေးစေလိုကြောင်း” မြို့နယ်ပညာရေးမှူးက ပြောကြားခဲ့သည်။

ဆုလှိုင်(မင်္ဂလာဒုံ)