လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မှော်ဘီ ဇွန် ၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မှော်ဘီမြို့နယ်၊ကုလားကြီးကုန်းကျေးရွာတွင် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည်စုံကျော်တို့က အမှာစကားပြောကြားပြီး မြို့ နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင် (၂)ဦးဝင်စိုးက အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

သင်တန်းကို အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်လေးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ကြသည်။သင်တန်းတွင် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် လက်သန့်ဆေးရည်ပြုလုပ်နည်းများကို သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကို ဇွန် ၁ ရက်မှ ၅ ရက် အထိ စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ကောင်းမြတ်သူ