မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ကော့သောင်း ဇွန် ၁

ကော့သောင်းမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့်ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက်ရည်ရွယ်၍ မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ရွှေဇင်ယော်ရပ်ကွက်အတွင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီး ဌာန၏ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ မွေးစမှအသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလီယိုရောဂါများကိုကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်း/တိုက်ကျွေးခြင်း၊ အသိပညာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျော်စိုး (ကော့သောင်း)