ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

တွံတေး ဇွန် ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ ရန်ကုန်တိုင်းဒေသကြီး၊ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းသည် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ(တွံတေး)တွင် ငါးသယံဇာတထိန်းသိမ်းခြင်းဖြင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန်နှင့် လူမှုစီးပွားဘဝမြင့်မားလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စုရှိ ဇီးဖြူကုန်းချောင်း သဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါငါးသိပ္ပံဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက ငါးသယံဇာတများ တိုးတက်စေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်း၏ ရည်ရွယ်ချက်နှင့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ငါးမျိုးစိုက်ထည့်မည့်အစီအစဉ်များအား ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်မြင့်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇာနည်မောင်၊ တွံတေးမြို့နယ်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးတင်မောင်ထွဋ်နှင့်ဝန်ထမ်းများ ငါးလုပ်ငန်းအတတ်သင်သိပ္ပံသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့် ကျေးရွာသူ၊ကျေးရွာသားများ တက်ရောက်ခဲ့ကြပြီး (၂)လက်မအရွယ်ထိုင်းငါးခုမ်းကြီး (၃၀၀,၀၀၀)၊ ငါးရွှေဝါ(၁၀၀,၀၀၀)၊ ငါးမြစ်ချင်း(၁၀၀,၀၀၀) စုစုပေါင်းငါးကောင်ရေ(၅၀၀,၀၀၀)ကို ငါးသယံဇာတမပြုန်းတီးရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစားသုံးမှုမြင့်မားလာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိရှိ မြစ် ချောင်း ၊အင်း၊ ဆည် သဘာဝရေပြင်များတွင်၂၀၂၂ ခုနှစ် ဧပြီလမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြစ်၊ ချောင်း၊ တူးမြောင်း၊ ရေလှောင်တမံ၊ ဆည်၊ အင်းနှင့် သဘာဝရေပြင်များသို့ ငါးမျိုးများစိုက်ထည့်​ပေးမှာဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းစခန်း(၃)ခုဖြစ်သော လှော်ကားငါးလုပ်ငန်းစခန်း၊ လေးထောင့်ကန်ငါးလုပ်ငန်းစခန်း၊ တွံတေးငါးလုပ်ငန်းစခန်းတို့မှ ဧပြီလတွင် ၁၀ သိန်း၊ မေလတွင် ၁၅ သိန်း၊ ဇွန်လတွင် ၃၄ သိန်း၊ ဇူလိုင်လတွင် ၄၄.၆၄ သိန်း၊ သြဂုတ်လတွင် ၄၂.၅၀ သိန်း၊ စက်တင်ဘာလတွင် ၄၇.၈၆ သိန်း၊ အောက်တိုဘာလတွင် သိန်း ၃၀၊ နိုဝင်ဘာလတွင် ၂၄ သိန်း၊ ဒီဇင်ဘာလတွင်၁၅ သိန်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ၇ သိန်း စုစုပေါင်း၂ လက်မငါးသားပေါက်ကောင်ရေ သိန်းပေါင်း(၂၆၀)ကို ငါးမျိုးစိုက်ထည့်ရန်လျာထားကြောင်း သိရှိရသည်။

မျိုးလှိုင် (တွံတေး)