တံတားဦး ဇွန် ၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးများနှင့် စာရေးဝန်ထမ်းများအား လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အစည်းအဝေးခန်းမ၌ ဆောင်ရွက်ကြကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက ဇွန်လ (၂) ရက်နေ့တွင် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ စာသင်ကျောင်းများ ဥပတိရုပ်ကောင်းမွန် စေရေးနှင့် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိရေး၊ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သက်ဆိုင်ရာစာသင်ကျောင်းများ၌ သတ်မှတ်ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးနိုင်ရန် ကြိုတင်စီမံဆောင်ရွက်ရေးတို့ကို ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့်ပတ်သက်ပြီး ဆည်ရေသောက်ဧရိယာနှင့် မိုးကောင်းသောက် ဧရိယာအတွင်းရှိ လယ်ယာမြေများတွင် မိုးစပါး၊ ဆောင်းသီးနှံနှင့်နွေစပါး သုံးသီးစားသီးနှံ စိုက်ပျိုးသွားနိုင်ရေး တောင်သူများ စည်းရုံးဆောင်ရွက်ရေး၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းအပြင် နေကြာများကိုလည်း သီးသန့်တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မွေးမြူရေးအနေဖြင့် တိုင်းရင်းကြက်၊ ဒေသကြက်များ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်များ မွေးမြူနိုင်ရေး စည်းရုံးဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုပေါင်း၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြကြပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းမျာက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ရဲတင့်