ပုလောမြို့နယ်မှ ရေလမ်းခရီးသွားပြည်သူများအား Life Jacket ဝတ်ဆင်သွားလာရေးအသိပေးနှိုးဆော်ခြင်းနှင့် ကယ်ဆယ်ရေးယာဉ်ဖြင့်လေ့ကျင့်

ပုလော ဇွန် ၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ရေယာဉ်များဖြင့်ခရီးသွားမိဘပြည်သူများနှင့် ရေလုပ်ငန်းဖြင့်အသက်မွေးသူများအား Life Jacket ဝတ်ဆင်သွားလာရေး အသိပေးနှိုးဆော်ခြင်းနှင့် ကယ်ဆယ်ရေးယာဉ်ဖြင့်လေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ပုလောမြို့ ပုလောချောင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာ၌ ပုလောမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်ဇင်ထိုက်နှင့်အဖွဲ့များက ပုလောမြို့မှတစ်ဆင့် ရေယာဉ်များဖြင့်ခရီးသွားမိဘပြည်သူများနှင့် ရေလုပ်ငန်းဖြင့်အသက်မွေးသူများ မိုးရာသီသို့ရောက်ရှိနေပြီဖြစ်၍ သဘာဝဘေးအန္တရာယ်များ အချိန်မရွေးကြုံတွေ့နိုင်ကြောင်း၊ ခရီးမသွားမီ မိုးလေဝသသတင်းများကိုနားဆင်ပြီးမှ ခရီးမှထွက်ခွာသင့်ကြောင်းနှင့် ခရီးသွားပါက မိမိအသက်အန္တရာယ်ကိုကာကွယ်ပေးနိုင်တဲ့ Life Jacket လှေထဲအသင့်ဆောင်၍ခရီးသွားသင့်ကြောင်း အသိပညာပေး နှိုးဆော်ခဲ့ပြီး၊ ကယ်ဆယ်ရေးရေယာဉ်ဖြင့် ရေပြင်သက်ကယ်လေ့ကျင့်ခြင်း၊ ရေပြင်မီးငြှိမ်းသတ်ရေးလေ့ကျင့်ခြင်း၊ ရေယာဉ်အားစမ်းသပ်မောင်းနှင်ခြင်းများ လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)