ဗဟန်းမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

ဗဟန်း ဇွန် ၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၆ ရက် နေ့မှစတင်၍ ဇွန် (၁) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ များစိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းတင့်တယ် သာယာလှပ‌ရေးတို့အတွက် ယနေ့ နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ ဦးချစ်‌မောင်လမ်းရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းဝင်း အတွင်းရှိ အဆောက်အဦးနှင့် မလွတ်ကင်းသော၊ အမြင်မတင့်တယ်သည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းဆောင်များ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေဆိုးရေမြောင်းများ ဆယ်ယူခြင်း၊ ခြင်ဆေးမီးခိုးများကို စက်များဖြင့်မှုတ်ခြင်းများကို စုပေါင်းဆောင်ရွက် ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်တမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

ထိုကဲ့သို့ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသန့်ရှင်းသာယာလှပစေပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်သည့် အပြင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ စုပေါင်းသန့်ရှင်း‌ရေးလုပ်ငန်းများ ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)