မြို့တော်ဝန် ဦးဗိုလ်ဌေးမှ ရန်ကင်းမြို့နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေး

ရန်ကင်း ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ စည်ပင်ဌာနမှူးများအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းအချိန်က   ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ယာဉ်ကြောပိတ်ဆို့မှုကို တားဆီးကာကွယ်ရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်း စေရေးအတွက် ကွန်ကရစ်လမ်းခင်းနေမှု၊ ၁၆ ရပ်ကွက်ရှိ ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်စပ် ခုနှစ်ပင်လိမ်ချောင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် တူးဖော်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး၊ မြို့တော်ဝန်က ရေထိန်းတံခါးအနီးမှ ခြုံနွယ်ပိတ်ပေါင်းများ၊ အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက်  အမှတ် ၆ ရပ်ကွက်ရှိ မီးသတ်ရုံးအနီးတွင် အမှိုက်သရိုက်များ ကင်းရှင်းရေးအတွက် ပိုက်လိုင်းကြီး ဝန်းကျင်သန့်ရှင်းရေးနှင့် ကွန်ကရစ်လမ်းခင်းနေမှု အမှတ် (၈) ရပ်ကွက် နှင်းဆီလမ်း၊ ကံဘဲ့စည်ပင်ဝန်ထမ်း အိမ်ရာဝင်းအတွင်း ဆန်၊ ဆီ၊ ကြက်ဥ၊ အသားငါးများ၊ ဟင်းသီးဟင်းရွက်နှင့် ကုန်ခြောက်များ ရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ၈:၂၀တွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်းရသည်။

အိရွှေစင် (ပြန်/ဆက် )