တောင်တွင်းကြီး မေ ၃၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဗိုလ်ချုပ်ပန်းခြံအား အများပြည်သူ စိတ်အပန်းဖြေနိုင်ရေးအတွက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ယနေ့နံနက်က မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ဆွေနှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်းနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တောင်တွင်းကြီးမြို့ရှိ ဗိုလ်ချုပ်ပန်းခြံအား ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရေးအတွက် ပန်းခြံအတွင်း ပန်းအလှပင်များ ထပ်မံဖြည့်စွတ်စိုက်ပျိုးခြင်း၊ ရေပန်းအလှများတပ်ဆင်ခြင်း၊ ပန်းခြံအတွင်းလျှောက်လမ်းများ ဆောင်ရွက်ခြင်း၊ ပန်းအလှပျိုးပင်များကို ရေဖျန်းခြင်းနှင့်ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများအား ရေလုံလောက်စွာရရှိရေး ဆောင်ရွက်မည့်အခြေအနေများနှင့် ပန်းခြံပတ်လည်ရှိ အုတ်တံတိုင်းအား ဆေးအသစ်သုတ်နိုင်ရေးများအတွက် လိုသည်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်းခြံအတွင်းနှင့် မြို့တွင်း လမ်းဘေး(ဝဲ ၊ ယာ)များတွင် စိုက်ပျိုးမည့် သစ်ပင်ပန်းမာန်များကို ပျိုးဥယျာဉ်ခြံတွင် ပျိုးထောင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဗိုလ်ချုပ်ပန်းခြံရှေ့နှင့် ရတနာပွင့်လှကန်တော်ကြီးကန်ဘောင်တို့တွင် We Love Taung Dwin Gyi ဆိုင်းဘုတ်များအား စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)