ကျောက်ကြီးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ပြုလုပ်

ကျောက်ကြီး မေ ၃၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထကကျောင်းသပြေခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အထက ကျောက်ကြီး ကျောင်းသား၊ ကျောင်းသူလေးများက  ဒို့ကျောင်းသားသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက်  သက်ဆိုင်ရာတာဝန်ရှိသူများက အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်  ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များ အခမဲ့ပေးအပ်ထောက်ပံ့ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးက အမှာစကားပြောကြားရာတွင် ကျောင်းအပ်နှံရေးအတွက် လုပ်ငန်းများဖြစ်သည့် ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းနှင့် ကျောင်းအပ်လက်ခံခြင်းစသည့် အပိုင်းကြီးသုံးပိုင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သင်ရိုးညွှန်းတမ်းများပြုပြင် ပြောင်းလဲလာသည်နှင့်အညီ သင်ကြားနည်းစနစ် ပြုပြင်ပြောင်းလဲရန်နှင့် စွမ်းရည်မြင့်မားပြီး တိုးတက်မှုရရှိရန် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ တော်သည်ဖြစ်စေ ညံ့သည်ဖြစ်စေ ၎င်းတို့၏ ဘာသာ ဘာဝ အလျှောက် နိုင်ငံသားကောင်းဖြစ်စေရန် ပညာရေးဝန်ကြီးဌာနမှ မူဝါဒချ မှတ်ထားကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်