သနပ်ပင်မြို့နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်

သနပ်ပင် မေ ၃၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ  သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  သနပ်ပင်မြို့နယ် အတွင်း  စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများအရောက်ကွင်းဆင်း၍  ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ  အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခြင်းတို့အား ယမန်နေ့ နံနက်ပိုင်းက ကမာဖရံကျေးရွာ၌  ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်က ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကဏ္ဍအလိုက် ပံ့ပိုးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး  စိုက်ပျိုးရေးဦးစီးဌာန၊  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊  ဆည်မြောင်းနှင့်   စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့်အချက်အလက်များကို   ပညာပေးဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ်  ပြန်လည်ရှင်းလင်း ဆောင်ရွက်ခဲ့သည်။

ထို့နောက် သရက်ပင်ကိုင်းကူး / ကိုင်းဆက်ခြင်းအား လက်တွေ့ပြသပြီး တောင်သူကိုယ်တိုင်   ပြန်လည်လုပ်ဆောင်စေခြင်းနှင့် ဒေသကြက်တိုးချဲ့ မွေးမြူနိုင်ရေးအတွက် ပြုစုထိန်းသိမ်းစောင့်ရှောက်ခြင်း နည်းပညာပေးခြင်းတို့အား လက်တွေ့သရုပ်‌ပြ‌ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)