ကျိုက်လတ်မြို့နယ်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

ကျိုက်လတ် မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၃)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဉီးကျော်ဇေယျက အဖွင့်အမှာစကား ပြောကြားရာတွင် ကော်မတီဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ အကြောင်းကို ထည့်သွင်းပြောကြားခဲ့ပြီး၊ ကော်မတီအတွင်းရေးမှူး ဒေါ်စန်းစန်းဝင်းက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီရည်ရွယ်ချက်များ၊  လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  ထောက်ပံ့ပေးလျက်ရှိသော မူကြိုကျောင်းများ၊ မိခင်ဝိုင်းများ၊ လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာများ ဖွင့်လှစ်ထားမှု၊ ကလေးများ အာဟာရပြည့်ဝစွာ ဖွံ့ဖြိုးစေရန် ထောက်ပံ့ပေးခြင်းများ၊ တိုင်ကြားလာသည့် ကလေးသူငယ်ကိစ္စရပ်များအား နှစ်သိမ့် ဆွေးနွေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ပေးမှု၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် သက်ဆိုင်ရာကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ဇေယျက လုပ်ငန်းများ အောင်မြင် ပြီးစီးရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရီရီမြင့်