ဇီးကုန်း မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနားကို မြောက်လွှတ်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဇီးကုန်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦမျိုးသက်အောင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန် (လက်ထောက်ညွှန်ကြားရေးမှူး) က အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်သန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းမှရရှိလာသည့် အကျိုးကျေးဇူးများကို ပြောကြား ခဲ့သည်။ ထို့နောက်ဇီးကုန်းမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူး ဦးမြင့်ကျော်မှ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။
ဇီးကုန်းမြို့နယ် မြောက်လွှတ်ကုန်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည့် အဆိုပါ အပ်ချုပ်စက်သင်တန်းကို မြို့နယ်အတွင်းရှိ ဒေသအသီးသီးမှ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း၊ ဘောင်းဘီတို ဘောင်းဘီရှည်ချုပ်နည်း၊ မိန်းမဝတ်ခါးတို ခါးရှည်အင်္ကျီချုပ်နည်း၊ ကျားဝတ်ရှပ်အင်္ကျီချုပ်နည်း၊ ရင်ဖုံးရင်စေ့ အင်္ကျီချုပ်နည်း၊ ဂါဝန်ချုပ်နည်း၊ လုံချည်ချုပ်နည်း၊ စကတ်ချုပ်နည်းစသည့် စက်ချုပ်နည်းပုံစံ(၇)မျိုးကို စာတွေ့လက်တွေ့ အခမဲ့ တစ်လကြာ သင်ကြားပေးခဲ့ကြောင်း ဇီးကုန်းမြို့နယ် ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်ထံမှ သိရသည်။
တင့်ဆွေ(ပြန်ဆက်)