ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်

ကမမောင်း မေ ၃၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊  ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန် အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှုအများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲသစ်ရောဂါဖြစ်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအိမ်တွင်း၌သာနေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့်အခြားသူများထံသို့ သွားရောက်မလည်ပတ်ကြရန်၊ အရေးကြီးကိစ္စနှင့်အပြင်ထွက်ပါက လူတိုင်း Maskကို စနစ်တကျတပ်ဆင်ရန်၊ လူစုလူဝေးရှိသော နေရာများကိုရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ လက်မဆေးဘဲပါးစပ်၊ နှာခေါင်း၊ မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက်ကောင်းသော အခန်း၌သာနေထိုင်ရန်၊ ရောဂါကူးစပ်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက် မကွက် ဆေးကုသမှုခံယူရန်စသည့် လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ပြည်သူများအားကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

တင်တင်လှ(ပြန်/ဆက်)