အုတ်တွင်းမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

အုတ်တွင်း မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်” ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မာလာမြင့် က ကျောင်းအပ်နှံခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာဦးစီးဌာနရှိကျောင်းများမှ ကျောင်းသား / သူများအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာခြည်ဖြိုးတို့က ပေးအပ်ခဲ့ပြီး ဆရာ၊ ဆရာမ များမှ လက်ခံခဲ့ကြသည်။

အုတ်တွင်းမြို့နယ်၌ အ.ထ.ကကျောင်း (၇) ကျောင်း၊ အ.ထ.က-ခွဲ ကျောင်း (၇) ကျောင်း၊ အ.လ.ကကျောင်း (၃) ကျောင်း၊ အ.လ.က-ခွဲကျောင်း (၂၄) ကျောင်း၊ အ.မ.ကကျောင်း (၁၃) ကျောင်း၊ အ.မ.က-ခွဲကျောင်း (၆) ကျောင်း၊ အ.မ.က-မူလွန်ကျောင်း (၁၀၈) ကျောင်း စုစုပေါင်း (၁၆၈) ကျောင်းရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် KG မှ Grade-11 ထိကို မေ ၂၆ ရက်မှ ဇွန် ၁ ရက်နေ့ထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် စတင်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ မေ ၂၆ ရက်နေ့မှ မေ ၂၈ ရက်နေ့ထိ ကျောင်းအပ်နှံမှုမှာ ကျောင်းသား / သူ စုစုပေါင်း (၂၂၅၀၁) ဦးဖြစ်၍ ၈၂ ရာခိုင်နှုန်း ရှိပြီးကျောင်းအပ်နှံမှုနှုန်းမှာ တိုးတက်မြင့်မားလာကာ၊ ကျောင်းသား / သူများ ပညာသင်ကြားနိုင်ရေးအတွက် ဇွန် (၂) ရက်တွင် ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး၊ ကလေးများအားလုံး စိတ်အေးချမ်းသာစွာနှင့် ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူ၊ သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအနေဖြင့် အသက် ၅ နှစ်မှ အသက် ၁၂ ထိ ကာကွယ်ဆေး ထိုးအဖွဲ့ ၂၀ ဖွဲ့စည်းပြီး ဦးတည်အုပ်စုအလိုက် အခြေခံပညာကျောင်းများအား လိုက်လံထိုးနှံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း မြို့နယ် ပညာရေးမှူး ဒေါ်မာလာမြင့်ထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)