ကြံခင်း မေ ၃၀
ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် မိုးရာသီ၌ဖြစ်ပွားလေ့ရှိသော ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်သောအဖွဲ့များက (အမှတ်-၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူ များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အ.ထ.က-၁ ကျောင်းကော်မတီအဖွဲ့များ ပူးပေါင်းပြီး စာသင်ခန်းများတွင် ခြင်ခိုအောင်းမှုမရှိစေရန်၊ ခြင်ဆေးငွေ့မှုတ်ပေးခြင်း၊ ရေလှောင်ကန်များ၊ ရေပုံးများ၊ ရေမြောင်းများ၊ ဘုရားပန်းအိုးများ၊ မိုးရေဝင်နိုင်သည့် အိုးခြမ်းပဲ့၊ တာယာကွင်း စသည့် ခြင်ပေါက်ဖွားနိုင်သည့်နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ် ပြည်သူ့ကျန်းမာရေးအဖွဲ့များက မြို့ပေါ်ရပ်ကွက်များရှိ လမ်းများတွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေး လုပ်ငန်းများကို အသိပေးနှိုးဆော်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)