ရသေ့တောင် မေ ၂၈
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအခြေခံ အပ်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက သင်တန်းကာလတစ်လျှောက် နည်းပြဆရာမ များ၏ စေတနာ ထားသင်ကြားမှုများ၊ သင်တန်းသူများက စိတ်ပါဝင်စားစွာဖြင့် သင်ယူမှုများကို အားရစွာ တွေ့မြင်ရပါကြောင်း နောက်နောင်တွင်လည်း အဆင့်မြှင့် အပ်ချုပ်သင်တန်းများ ဖွင့်လှစ်ဖြစ်မည်ဆိုပါက လာရောက်သင်ယူနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထိုနောက် သင်တန်းသူ မဦးမြတ်မွန်က အပ်ချုပ်ပညာရပ်အား အခမဲ့သင်ကြားခွင့် ရရှိသည့်အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ရသေ့တောင်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းဆင်းပွဲသို့ တက်ရောက် လာသည့် ဌာနဆိုင်ရာ အကြီးအကဲများက သင်တန်းသူများ ချုပ်ထားသည့် အဝတ်အထည်များအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ သင်တန်းအား ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံ ငွေဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသူ အမျိုးသမီး(၂၀)ဦး တက်ရောက်ကာ အခြေခံအပ်ချုပ်နည်း ပညာဘာသာရပ်များကို ရက်ပေါင်း (၂၁)ရက်ကြာ စာတွေ့လက်တွေ့ဖြင့် စနစ်တကျ (အခမဲ့) သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)