တမူး စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အီးအမ်ဘိုကာရှီ သဘာဝမြေသြဇာ ပြုလုပ်နည်းကို ယမန်နေ့နံနက် ၁၀ နာရီက ဝက်ရှုနည်းပညာ ပြန့်ပွားရေး စင်တာအတွင်းရှိ ကွန်းတောင်းကျေးရွာအုပ်စု တောင်သူ ဦးခင်မောင်လွင်၏ (CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်ကွက် စိုက်ပျိုးထားသည့် ကွင်းအမှတ်(၂၅၄) ဦးပိုင်အမှတ် (၁၃)လယ်မြေတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့လက်တွေ့ပြသဆောင်ရွက်ရာတွင် တမူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကိုဦးနှင့်ဝန်ထမ်းများက သဘာဝမြေသြဇာပြုလုပ်ရာတွင် ပါဝင်ရမည့် လယ်ယာထွက် စွန့်ပစ်ပစ္စည်းများ၊ တိရစ္ဆာန်တို့၏ အညစ်အကြေးများ၊ အသင့်သုံး အီးအမ်ဖျော်ရည်နှင့်ရေတို့ကို ပြုလုပ်ပုံအဆင့်ဆင့်တိုင်း တောင်သူများနှင့်အတူ လက်တွေ့ပြသဆောင်ရွက်ခဲ့ပြီး သဘာဝမြေသြ ဇာ အီအမ်ဘိုကာရှီပြုလုပ်နည်းနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အီးအမ်ဘိုကာရှီမြေဆွေးကို နေရာဒေသအနှံ့၌ စပါး၊ ကြံ၊ ပြောင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပင်များ စိုက်ပျိုးရာတွင် မြေဆွေးအမျိုးအစား အမျိုးမျိုးရှိသည့်အနက် အီးအမ်ဘိုကာရှီမြေဆွေးသည် အခြားမြေဆွေးများထက် သီးနှံအထွက်နှုန်း သိသိသာသာ ထွက်ရှိနိုင်အောင် စွမ်းဆောင်နိုင်ကြောင်း၊ ရိုးရိုးမြေဆွေးနှင့် ကွာခြားချက်မှာ ဘိုကာရှီမြေဆွေးတွင် လယ်ယာထွက်စွန့်ပစ်ပစ္စည်းများကို အမြန်ဆွေးမြေ့လွယ်ပြီး မြေဆီမြေသြဇာထက်သန်စေသော အကျိုးပြု အဏုဇီဝများ အီးအမ် ပိုမိုပါဝင်ခြင်းဖြစ်ကြောင်း တမူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)