အသက် ၄၅ နှစ်အောက် ဒေသခံပြည်သူများအား တတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းအပို ထိုးနှံပေးမည်

ရေဦး   မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ကူးစက်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ကူးစက်ရောဂါကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍  ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ  အသက် ၄၅ နှစ်အောက် ဒေသခံပြည်သူများကိုလည်း တတိယအကြိမ် ကာကွယ် ဆေး ထပ်ဆောင်းအပို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် တစ်ကြိမ်တစ်ခါမျှကာကွယ်ဆေးမထိုးရသေးသူ၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနံကြရမည့်သူ အသက် ၁၈နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် တတိအကြိမ်ကာကွယ်ဆေးထပ်ဆောင်းအပိုထိုးနှံကြရမည့် အသက် ၄၅ နှစ်နှင့်အထက် ဒေသခံပြည်သူများအား ဆေးထိုးစုရပ်ဖြစ်သော မြို့နယ်ကုတင် (၁၀၀)ဆံ့ ပြည်သု့ဆေးရုံကြီး သံဃာဆေးကုသဆောင်အဟောင်းတွင် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဆေးထိုးနှံပေးလျက်ရှိသည်။

လာမည့် ဇွန်လဆန်းမှစ၍ အသက် ၄၅ နှစ်အောက်ရှိ ဒေသခံပြည်သူများအား တတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်းအပိုထိုးနှံပေးသွားမည်ဖြစ်‌ပြီး မေ ၂ ရက်နေ့မှ မေ ‌၂၆ ရက်နေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးလာရောက်ထိုးနှံသူစုစုပေါင်း ၁၂၅၉ ဦးရှိ ကြောင်း မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၀င်တစ်ဦးက ပြောသည်။

သန်းသန်း (ပြန်/ဆက်)