မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

မင်းလှ မေ ၂၈

သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေးနှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်၊ ရာသီဥတုမျှတစေရန် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွှေဝါမြိုင်‌ ကျေးရွာအုပ်စု၊ ရွှေဝါမြိုင် သစ်‌တောပျိုးဥယျဉ်တွင် ယနေ့ နံနက် ၈ နာရီအချိန်က မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြဝင်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးမင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး   တက်ရောက်လာသူများအား ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်သစ်တော ဦးစီးအရာရှိတို့က ပျိုးပင်များပေးအပ်ခဲ့ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ကြသည်။

၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း (၉၀၀)၊ ပျဉ်ကတိုး (၆၀)၊ စိန်ပန်းကြီး (၁၀)၊ ငုရွှေဝါ (၁၀)၊ ကံကော် (၁၀)၊ ခရေ (၁၀) စုစုပေါင်းပျိုးပင် (၁၀၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ပေါက်စ( မင်းလှ)