မောင်တောမြို့နယ်တွင် ပြည်သူ(၁၄၆၆၆) ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံပေးပြီးစီး

မောင်တော  မေ   ၂၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသော ဦးတည်အုပ်စုတွင်ပါဝင်သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းများမှတ်ယူခြင်း၊ လာရောက်ထိုးနှံသည့်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်စီဂျင် ပမာဏတိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျကာကွယ်ဆေး ထိုးနှံပေးပြီးထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့်အနားယူစေသည်။

အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်း နှစ်ဦး၊ ပညာရေးဝန်ထမ်းလေးဦး၊ ပြည်သူ ၇၆၉ ဦး စုစုပေါင်း ၇၇၅ ဦးအားထိုးနှံပေးခဲ့ပြီး မေ၂၇ ရက်နေ့ထိထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပြီးစီးသူ ၁၄၆၆၆ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

သက်လွင်စိုး (ပြန်/ဆက်)