စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်နေခြင်းများ လိုက်လံကြည့်ရှု

မုံရွာ   မေ     ၂၈

အခြေခံကျောင်းများတွင် ကျောင်းဥပဓိရုပ်‌ ကောင်းမွန်‌စေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာစေရေးနှင့် ကျောင်းဝန်းများအတွင်း အမှုက်သရိုက်များကင်းစင်ကာ ကျောင်းသား ကျောင်းသူလူငယ်လေးများ စိတ်ချမ်းမြေ့စွာ ပညာသင်ယူလေ့လာနိုင်ရေးအတွက်  စုပေါင်း သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းကစစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃)နှင့်အမှတ် (၄) ကျောင်းတို့အတွင်း စုပေါင်းသန့်ရှင်းရေးများ  တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ကြပြီးသန့်ရှင်းရေးဆောင်ရွက်နေမှုများကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် လိုက်လံကြည့်ရှုခဲ့ကြောင်းသိရသည်။

စုပေါင်းသန့်ရှင်းလုပ်ဆောင်ခြင်းများကို မုံရွာတပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့နှင့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများပါဝင်ကာ စုစုပေါင်းအင်အား (၂၃၀) ဦးတို့ဖြင့် အမှတ်(၄)ကျောင်း၌လည်းကောင်း၊ စုစုပေါင်းအင်အား(၂၇၀) ဦးဖြင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း ကျောင်းဝန်းအတွင်းရှိ အမှိုက်များ၊ ခြုံနွယ်များ၊ သစ်ရွက်ကြွေများကိုစနစ်တကျ စုပေါင်းသန့်ရှင်းရေးများ ရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး စာသင်ခန်းများအတွင်း ခြင်ကင်းစင်စေရေး ခြင်ဆေးများပက်ဖျန်းခဲ့ကြသည်။

ထို့နောက် စုပေါင်းသန့်ရှင်းရေးလာ‌ ရောက်ဆောင်ရွက်နေကြသူများအား မုံရွာမြို့နယ် ပညာရေးဦးစီးဌာနမှ ကောက်ညှင်း၊လက်ဖက်ရည်၊ ရေသန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် မြို့‌တော်သန့်ရှင်းသာယာလှပစေရေးအတွက် ကန်သာယာပတ်ဝန်းကျင်နှင့် အထင်ကရနေရာများဘုရားစေတီများတွင်လည်းကောင်း၊ အဆင့်မြင့်ပညာသင်ယူနေကြသော ကျောင်းသားကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ယူလေ့လာနိုင်စေရေးအတွက် တက္ကသိုလ်များ၊ကောလိပ်ကျောင်းများတွင်လည်းကောင်း အပတ်စဉ်‌စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်လျက်ရှိပြီး  မကြာမီ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူလေးများ စိတ်အေးချမ်းမြေ့စွာဖြင့် ပညာသင်ယူနိုင်စေရေး စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 မြင့်နိုင်စိုး (ထီးလှိုင်မြေ)