ရေစကြို မေ ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များပေးအပ်ပွဲ အခမ်းအနားကို ရေစကြိုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ သင်ပြရေးဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘနှင့်အုပ်ထိန်းသူများတက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇောက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးက အခြေခံပညာရေးကိစ္စများနှင့်ပတ်သက် သည်များကို ရှင်းလင်းပြောကြားသည်။
ရေစကြိုမြို့နယ်တွင် ကျောင်းပေါင်း (၂၀၀)ရှိပြီးသက်ဆိုင်ရာအခြေခံပညာကျောင်းများ၏ကျောင်းအုပ်ကြီးများသို့ ၂၀၂၂-၂၀၂၃ ပညာသင် နှစ် အခြေခံပညာကျောင်းများဖွင့်လှစ် ပညာသင်ကြားနိုင်ရေး ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးမှူးတို့က အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်လုလင်(ရေစကြို)