မုံရွာ မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တိုင်းဒေသကြီး အခြေခံပညာ ကာယနှင့် အားကစားနည်းပြ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က “ အခြေခံပညာရေး၏ ရည်မှန်းချက်တွင် အားကစားနှင့် ကာယပညာ လုပ်ငန်းများနှင့် ကျန်းမာရေးလုပ်ငန်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး အားကစားစိတ်ဓာတ်များ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ အခြေခံပညာ ကျောင်းများတွင် ကာယပညာနှင့် အားကစားလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် သွားရန်မှာ အခြေခံပညာ ကာယပညာ ဆရာ၊ဆရာမများ၏ အရည်အသွေး တိုးတက်လာ စေရန်နှင့် ပြောင်းလဲ တိုးတက်နေသည့် အားကစားနည်းစနစ်များ၊ ဥပဒေသများအား သိရှိနိုင် စေရန်လိုအပ် ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကျောင်းသားပွဲတော် အားကစား ပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့သည်မှာ ကျောင်းသားလူငယ်ထု၏ ကျန်းမာရွှင်လန်းပျော်ရွှင်ရေးနှင့် စည်းလုံး ညီညွှတ်ရေးတို့ကို အခြေခံထားခြင်းဖြစ်ပါကြောင်း၊ အခြေခံပညာ ကျောင်းများမှ ကာယဆရာ၊ ဆရာမ များအနေဖြင့် မိမိတို့သက်ဆိုင်ရာ ကျောင်းများသို့ ပြန်လည်ရောက်ရှိ တဲ့အခါ အင်တိုက်အားတိုက်ဖြင့် ကြိုးစားဆောင်ရွက်သွားကြစေလိုပါကြောင်း ” တိုက်တွန်း ပြောကြား ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသား၊ သင်တန်း သူများအတွက် အားကစားပစ္စည်းများနှင့် ငွေကျပ် - ၅ သိန်းတို့အား တာဝန်ရှိသူများထံ ပေးအပ် ခဲ့ပြီး တိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းက အခြေခံပညာ ကာယပညာနှင့် အားကစား နည်းပြ မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာ ကာယပညာ နှင့် အားကစားနည်းပြ မွမ်းမံသင်တန်းသို့ တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ အခြေခံ ပညာကျောင်းများမှ ကာယဆရာ၊ဆရာမ သင်တန်းသား၊ သင်တန်းသူ- ၅၅ ဦး တက်ရောက် ကြပြီး သင်တန်းကာလမှာမေလ - ၂၇ ရက်နေ့မှ မေလ- ၂၉ ရက်နေ့အထိ ဖြစ်ပြီး အားကစားနည်း ၇ မျိုးအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်