ငပုတော မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်လုံးကျွတ် ကျောင်း အပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသားကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို ဖွင့်လှစ်ခဲ့ပြီး ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ခေတ်သည်၊ ပညာခေတ်ဖြစ်သောကြောင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သော နိုင်ငံတော်ကို တည်ဆောက်ကြရန်နှင့် အရည်အသွေး ပြည့်ဝသော နိုင်ငံသားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးနှင့် တိုင်းပြည်တည်ဆောက်ရာတွင် ဆရာ၊ ဆရာမများသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း ပြောကြားခဲ့သည်။ မြို့နယ်ပညာရေးမှူး ဦးအေးလွင် ( ပူးတွဲတာဝန် )က ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ပညာရေးဌာန၏ ရည်မှန်းချက်နှင့် ကျောင်းအပ်နှံရေးအတွက် ဆောင်ရွက်နေမူများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ငပုတောမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ စာသင်နှစ် ပြင်ဆင်ထားရှိမူများ၊ စာသင်ကျောင်းများ အသင့်ပြင်ဆင်ထားရှိမူများ၊ နိုင်ငံတော်မှ ထောက်ပံ့ပေးသောကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်များ၊ နှာခေါင်းစည်း( Mask )များနှင့် ကျောင်းဝတ်စုံများအား မြို့နယ်အတွင်းရှိ ကျောင်းများသို့ အချိန်မီ ပို့ဆောင်ပြီးစီးမူ အခြေအနေများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ သိရှိထားသင့်သည့် ယနေ့ ပညာရေးစနစ် အကြောင်းများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနနှင့် ပြင်ပအလှူရှင်များက အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ကျောင်းပြင်ပပညာရေး အခြေစိုက်ကျောင်းများသို့ လှူဒါန်းသော ထောက်ပံ့ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နီလာထွန်းတို့က ပေးအပ် လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူး (ပူးတွဲတာဝန်)နှင့် ပညာရေးဌာနမှ တာဝန်ရှိ ကျောင်းအုပ်ကြီးများ ဆရာ၊ ဆရာမများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ( ၁၅၀ ) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူ(ငပုတောပြန်/ဆက်)