ကျိုက်လတ် မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးရက်သတ္တပတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေမြဲရေးအတွက် မူလတန်းအဆင့်တွင် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံစသည်တို့ကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အထက (၁၇)ကျောင်း၊ အထက (ခွဲ) (၁၀)ကျောင်း၊ အလက (၁၁) ကျောင်း၊ အလက (ခွဲ) (၁၇) ကျောင်း၊ အမက (လွန်) (၂၉ )ကျောင်း၊ အမက (၁၁၄) ကျောင်း၊ စုစုပေါင်း (၁၉၈) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆)ကျောင်း၊ စုစုပေါင်း (၂၀၄) ကျောင်းတို့၌ မေလ(၂၆)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ အသက် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အဘိတ်ဆေးများခတ်ရန်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ ဆောင်ပုဒ်အဖြစ် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”ဟူ၍ သက်မှတ်ပြဋ္ဌာန်းပေးချက်နှင့်အညီ တစ်မြို့နယ်လုံး အတိုင်းအတာအားဖြင့် ကျောင်းဝင်ရာခိုင်နှုန်းပြည့် ဖြစ်စေရန်၊ ကျောင်းနေမြဲရန်၊ ကျောင်းနေအရွယ် ကလေးများအားလုံးကို ကျောင်းအပ်နှံနိုင်ရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သန်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်၍ အမှာစကားပြောကြားရာတွင် မေလ ၂၆ ရက်တစ်နေ့ထဲတွင် ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျောင်းများတွင် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၀၈၁)ဦးရှိသဖြင့် (၆၄)ရာခိုင်နှုန်းရှိကြောင်း၊ ယနေ့လည်း ထပ်မံ၍ ကျောင်းအပ်လျက်ရှိကြောင်းနှင့် အတန်းကူးပြောင်းမှု အကြောင်းများကို ရှင်းလင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားကို အထက(၂) ကျောင်းသား၊ ကျောင်းသူလေးများက "ဇာတိမာန်"သီချင်းဖြင့် သီဆို ရုတ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဖျာပုံခရိုင် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်